TikTok LogoTikTok Logo
ဘေးကင်းရေးနှင့် နွေးထွေးယဉ်ကျေးခြင်း

ဘေးကင်းရေးနှင့် နွေးထွေးယဉ်ကျေးခြင်း

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ထုတ်ဝေခဲ့သည်

၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်တွင် စတင်အကျုံးဝင်သည်

ကာယပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဘေးကင်းရေးသည် တစ်ဦးချင်း ပျော်ရွှင်မှု၏ အခြေခံအုတ်မြစ်ဖြစ်ပြီး နွေးထွေးယဉ်ကျေးခြင်းသည် တိုးတက်သောအသိုင်းအဝိုင်းတစ်ခုအတွက် အဓိကသော့ချက်ဖြစ်ပါသည်။ယဉ်ကျေးစွာနေထိုင်ခြင်းမှာ သင်သည် လူအများနှင့် အမြဲတမ်းသဘောတူလုပ်ဆောင်နေရမည်ဟု မဆိုလိုပါ။ သို့သော် လူတိုင်း၏ထိုက်တန်မှုကို အသိအမှတ်ပြုရန်နှင့် အခြားသူများကို ဆက်ဆံရာတွင် အပြုအမူ၊ အပြောအဆိုနှင့် လေသံတို့တွင် လေးစားမှုရှိခြင်းကိုသာ ဆိုလိုပါသည်။

အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုမြောက်သော အပြုအမူ

အချင်းချင်းကြား ကိုယ်ထိလက်ရောက် ပဋိပက္ခများ မဖြစ်စေဘဲ လူများကို အတူတကွ စုစည်းမှုရှိစေရန် ကျွန်ုပ်တို့ ကတိပြုထားပါသည်။အကြမ်းဖက်မှုနှင့်ဆိုင်သည့် အွန်လိုင်းအကြောင်းအရာများသည် ပြင်ပလောကတွင် ထိခိုက်နစ်နာစေနိုင်ကြောင်း ကျွန်ုပ်တို့သတိပြုမိပါသည်။လူ၊ တိရစ္ဆာန်များ သို့မဟုတ် ပိုင်ဆိုင်မှုပစ္စည်းများကို ထိခိုက်စေနိုင်သော အကြမ်းဖက်ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုကို အားပေးခြင်း၊ အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်း သို့မဟုတ် ရာဇဝတ်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို အားပေးခြင်းအား ကျွန်ုပ်တို့ ခွင့်မပြုပါ။

လူသားတို့၏ အသက်အန္တရာယ် သို့မဟုတ် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိမှုများအတွက် တိကျသော၊ ယုံကြည်လောက်ဖွယ်ရှိပြီး ဖြစ်အံ့ဆဲဆဲ ခြိမ်းခြောက်မှုတစ်ခုရှိပါက၊ ကျွန်ုပ်တို့သည် ၎င်းကို သက်ဆိုင်ရာ ဥပဒေစိုးမိုးရေးအာဏာပိုင်များထံ တိုင်ကြားပါသည်။

အကြမ်းဖက်မှု ပုံရိပ်များ ပါဝင်သော်လည်း အကြမ်းဖက်မှုကို အားပေးခြင်းမရှိသော အကြောင်းအရာများကို ကျွန်ုပ်တို့ မည်သို့ကိုင်တွယ်လုပ်ဆောင်ပုံအကြောင်း အသေးစိတ်ကို သိရှိရန် ထိတ်လန့်စရာနှင့် အနိဋ္ဌာရုံ သရုပ်ဖော်အကြောင်းအရာကို ကြည့်ပါ။

နောက်ထပ် အချက်အလက်များ

ခွင့်မပြုထားပါ

  • လူတစ်ဦး သို့မဟုတ် လူတစ်စုကို ခြိမ်းခြောက်ခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်ဒဏ်ရာရစေလိုသောဆန္ဒကို ဖော်ပြခြင်း
  • တိုက်ခိုက်မှုတစ်ခုကို အားပေးခြင်း သို့မဟုတ် တိုက်ခိုက်မှုပြုရန် အခြားသူများကို တိုက်တွန်းခြင်း၊ အကြမ်းဖက်သည့် လုပ်ရပ်တစ်ခုကို ချီးကျူးခြင်း သို့မဟုတ် အခြားသူများကို ခြိမ်းခြောက်ရန်အတွက် နေရာတစ်ခုသို့ လက်နက်များ ယူဆောင်လာရန် လူများကို အကြံပေးခြင်းကဲ့သို့ အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း
  • ခိုးယူမှု သို့မဟုတ် ပိုင်ဆိုင်မှုပစ္စည်း သို့မဟုတ် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးမှုအား အားပေးအားမြှောက်ပြုခြင်း
  • လူ၊ တိရစ္ဆာန်များ၊ သို့မဟုတ် ပိုင်ဆိုင်မှုပစ္စည်းများကို ထိခိုက်ပျက်စီးစေနိုင်သော ရာဇဝတ်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို မည်ကဲ့သို့ကျူးလွန်ရမည်ကို လမ်းညွှန်ချက်များပေးခြင်း

ခွင့်ပြုထားသည်

  • စိတ်ကူးယဉ်ဆန်သော အပြင်အဆင်များဖြင့် အကြမ်းဖက် ခြိမ်းခြောက်မှုများ

အမုန်းစကားနှင့် အမုန်းပွားစေသောအပြုအမူ

TikTok သည် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းရှိ မတူကွဲပြားမှုကြောင့် ပိုမိုပြည့်စုံနေခြင်းဖြစ်ပါသည်။ကျွန်ုပ်တို့၏ မတူညီမှုများသည် စိတ်ဝမ်းကွဲပြားစေသည့် အကြောင်းရင်းဖြစ်ရမည့်အစား လက်ခံပေးရမည့်အရာ ဖြစ်သင့်ပါသည်။အမုန်းစကား၊ အမုန်းပွားစေသည့် အပြုအမူ သို့မဟုတ် အမုန်းပွားစေသော သဘောတရားများကို အားပေးအားမြှောက်ပြုခြင်းကို ခွင့်မပြုပါ။၎င်းတွင် အကာအကွယ်ပေးထားသော အုပ်စုတစ်ခုကို တိုက်ခိုက်သည့် အတိအလင်း ဖော်ပြသော သို့မဟုတ် သွယ်ဝိုက်ညွှန်းဆိုသော အကြောင်းအရာများ ပါဝင်သည်။

TikTok တွင် လူမှုရေးကိစ္စရပ်များအကြောင်း ဆွေးနွေးမှုများ ရှိသည့်အခါ ကျွန်ုပ်တို့သည် ၎င်းတို့ကို လေးစားမှုရှိစေလိုသည်။အကြောင်းအရာသည် အကာအကွယ်ပေးထားသော အုပ်စုများကို သွယ်ဝိုက်၍ သိက္ခာချသည့်အခါ ၎င်းသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီနိုင်ပါ။

မုန်းတီးခြင်းကို ဆန့်ကျင်တုံ့ပြန်ရန်အတွက် ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်အပြင် မှတ်ချက်များ၊ စုံတွဲတင်ဆက်မှု၊ တွဲဆက်မှုနှင့် မက်ဆေ့ချ်ပို့ခြင်းအတွက် ကန့်သတ်သည့် ရွေးချယ်စရာများ အပါအဝင် မလိုလားအပ်သော အပြန်အလှန်တုံ့ပြန်မှုများကို ကူညီကန့်သတ်ပေးသည့် ကိရိယာများအကြောင်း ပိုမိုလေ့လာပါ။

နောက်ထပ် အချက်အလက်များ

အမုန်းပွားစေသော သဘောတရားများသည် လူများအပေါ် ၎င်းတို့အား အကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးများပေါ် အခြေခံ၍ ဖယ်ကြဉ်သည့်၊ ဖိနှိပ်သည့် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ခွဲခြားဆက်ဆံသည့် ထင်မြင်ယူဆချက်စနစ်များဖြစ်သည်။

အကာအကွယ်ပေးထားသော အုပ်စုများဆိုသည်မှာ အကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးများ တူညီစွာရှိထားကြသည့် ပုဂ္ဂိုလ်များ သို့မဟုတ် အသိုင်းအဝိုင်းများ ဖြစ်သည်။

အကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးများဆိုသည်မှာ မွေးရာပါဖြစ်သော၊ ပြောင်းလဲ၍ မရသော သို့မဟုတ် ၎င်းတို့ကို သင့်အား အတင်းအကျပ်ပြောင်းခိုင်းခဲ့လျှင် သို့မဟုတ် ၎င်းတို့ကြောင့် သင်တိုက်ခိုက်ခံရခဲ့လျှင် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ပေါ်စေမည့် ကိုယ်ပိုင်လက္ခဏာများ ဖြစ်သည်။၎င်းတွင် ပါဝင်သည်များမှာ-

  • အမျိုးဇာတ်
  • လူမျိုးစု
  • နိုင်ငံဇာတိ
  • လူမျိုး
  • ကိုးကွယ်သည့်ဘာသာ
  • မျိုးနွယ်စု
  • ရွှေ့ပြောင်းနေထိုင်ခွင့် အခြေအနေ
  • လိင်အမျိုးအစား
  • လိင်စိတ်ခံယူချက်
  • လိင်
  • လိင်စိတ်တိမ်းညွတ်မှု
  • မသန်စွမ်းမှု
  • ပြင်းထန်သော ရောဂါ

ထို့အပြင် ကျွန်ုပ်တို့သည် ဒေသန္တရ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) က ကျွန်ုပ်တို့အား ပေးအပ်သော သီးခြားဒေသဆိုင်ရာ အချက်အလက်များကဲ့သို့သော ထပ်ဆောင်းဆက်စပ်စဉ်းစားရမည့် အကြောင်းအရာများ ရှိသည့်အခါ အသက်အရွယ်နှင့်သက်ဆိုင်သည့် ကာကွယ်မှုအချို့ကို ပံ့ပိုးပေးပြီး အခြားအကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးများကို ထည့်သွင်းစဉ်းစားနိုင်ပါသည်။အထက်ဖော်ပြပါ ပင်ကိုအရည်အသွေးများကို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် နိုင်ငံတကာ သဘောတူညီချက်များဖြင့် အသိပေးတင်ပြထားပါသည်။

ခွင့်မပြုထားပါ

  • အကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးတစ်ခုအပေါ် အခြေခံ၍ အကြမ်းဖက်ခြင်း၊ ဖယ်ထုတ်ခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် အခြားထိခိုက်စေမှုများကို အားပေးအားမြှောက်ပြုခြင်း
  • အမုန်းပွားစေသော သဘောတရားကို အားပေးခြင်း၊ ယင်းတွင်ပါဝင်သည်များမှာ -
    • ကာကွယ်ပေးထားသော အုပ်စုတစ်စုအပေါ် သာလွန်ကြီးစိုးခွင့်ရှိကြောင်း ပြောဆိုခြင်း။ ဥပမာ- လူမျိုးရေးကြီးစိုးမှု၊ မိန်းမမုန်းတီးမှု၊ LGBTQ+ ဆန့်ကျင်ရေး၊ ဂျူးဆန့်ကျင်ရေး သို့မဟုတ် အစ္စလာမ်မုန်းတီးရေး
    • အကာအကွယ်ပေးထားသော အုပ်စုတစ်စုအပေါ် ပစ်မှတ်ထားသည့် လျှို့ဝှက်ပူးပေါင်းကြံစည်သော ရေးသားပြောဆိုမှုများ ပြုလုပ်ခြင်း။ ဥပမာ- မဟာလူမျိုး မျိုကိန်း အယူအဆကို ထောက်ခံခြင်း သို့မဟုတ် ဂျူးလူမျိုးများက မီဒီယာကိုချုပ်ကိုင်ထားကြောင်းပြောခြင်း
    • ဆက်စပ်သင်္ကေတများနှင့် ရုပ်ပုံများကို အသုံးပြုခြင်း
    • အမုန်းပွားစေသော အမှတ်တံဆိပ်များပါသည့် စာအုပ်များ သို့မဟုတ် အဝတ်အစားများကဲ့သို့သော အမုန်းစကား သို့မဟုတ် အမုန်းပွားစေသည့် သဘောတရားများကို အားပေးအားမြှောက်ပြုသည့် ပစ္စည်းတစ်ခုခုအတွက် အရောင်းအဝယ်ဖြစ်မြောက်စေရန် သို့မဟုတ် ဈေးကွက်ရှာဖွေရန် ကူညီပေးခြင်း
  • တစ်စုံတစ်ဦးအား ကာယပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အကျင့်စာရိတ္တဆိုင်ရာ ယုတ်ညံ့သည်ဟု ဆို၍ သို့မဟုတ် သွယ်ဝိုက်ပြောဆို၍ဖြစ်စေ၊ ၎င်းတို့အား ရာဇဝတ်ကောင်များ သို့မဟုတ် တိရစ္ဆာန်များအဖြစ် ပြောဆိုသမုတ်ခြင်း သို့မဟုတ် သက်မဲ့အရာဝတ္ထုများနှင့် နှိုင်းယှဉ်ခြင်းကဲ့သို့ အရှက်ရစေသော အသုံးအနှုန်းများဖြင့် ခေါ်ဝေါ်၍ဖြစ်စေ ၎င်းတို့၏ အကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးများကို အခြေခံ၍ သိက္ခာချခြင်း
  • အကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးတစ်ခုနှင့်ဆက်စပ်၍ အမုန်းပွားစေသည့် စွပ်စွဲပြောဆိုချက်ကို အသုံးပြုခြင်း
  • ဂျူးလူမျိုးများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း ဖြစ်ပွားခဲ့မှု သို့မဟုတ် ရဝမ်ဒါတွင် တူဆီလူမျိုးများအပေါ် ကျူးလွန်သည့် လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုခြင်းကဲ့သို့ အကာအကွယ်ပေးထားသော အုပ်စုများကို အန္တရာယ်ပြုခဲ့သည့် ကောင်းစွာအထောက်အထားပြထားသော သမိုင်းဖြစ်ရပ်များကို ငြင်းဆိုခြင်း သို့မဟုတ် ၎င်းတို့၏ ပြင်းထန်မှု အတိုင်းအတာကို လျှော့ချခြင်း
  • ရွှေ့ပြောင်းနေထိုင်သူတစ်ဦးကြောင့် ဖြစ်ပေါ်ခဲ့သည့် အန္တရာယ်များသော အပြုအမူ ဥပမာဖြစ်ရပ်တစ်ခုကို အသုံးပြု၍ ရွှေ့ပြောင်းနေထိုင်သူအားလုံးသည် အန္တရာယ်ရှိကြောင်း ဖော်ပြပြောဆိုခြင်းကဲ့သို့ အကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးရှိသော လူတစ်ဦးကြောင့် ဖြစ်ပေါ်ခဲ့သည့် မကောင်းသောလုပ်ရပ်များအတွက် အဆိုပါအကာအကွယ်ပေးထားသော အုပ်စုတစ်ခုလုံးတွင် တာဝန်ရှိသည်ဟု စွပ်စွဲခြင်း
  • အကာအကွယ်ပေးထားသည့် လက္ခဏာရပ်များကို ပိုင်ဆိုင်ထားသူများအား ထိုလက္ခဏာရပ်များကြောင့် ၎င်းတို့၏ တည်ရှိမှုကို ငြင်းဆိုသည့် သို့မဟုတ် ၎င်းတို့အား လူသားအဖြစ်မှ နှိမ့်ချပြောဆိုသည့် အကြောင်းအရာ။ ဥပမာ- လိင်ပြောင်းထားသူအဖြစ် မိမိကိုယ်ကို သတ်မှတ်ထားသူများကို ၎င်းတို့တွင် စိတ်ရောဂါရှိကြောင်း ပြောဆိုခြင်း
  • ကာယကံရှင် ရွေးချယ်လက်ခံထားသည့် လိင်စိတ်ခံယူချက်မဟုတ်ဘဲ ၎င်းတို့၏ ယခင်အမည် သို့မဟုတ် လိင်အမျိုးအစားကို အသုံးပြုခြင်းဖြင့်ဖြစ်စေ၊ လူတစ်ဦး၏ လိင်စိတ်တိမ်းညွတ်မှု သို့မဟုတ် လိင်စိတ်ခံယူချက်ကို ပြောင်းလဲရန် ကြိုးပမ်းသည့် လိင်ပြောင်းကုထုံး အစီအစဉ်များကို အားပေးခြင်းဖြင့်ဖြစ်စေ လိင်ပြောင်းထားသူအား ၎င်းအသုံးမပြုတော့သည့် အမည်နာမဖြင့် ခေါ်ဝေါ်ခြင်း သို့မဟုတ် လိင်အမျိုးအစားကို မှားယွင်းရည်ညွှန်းခြင်း

FYF အတွက် သတ်မှတ်ချက်မပြည့်မီခြင်း

  • ကာကွယ်ပေးထားသောအုပ်စုများကို သွယ်ဝိုက်၍ သိက္ခာချနိုင်သည့် ပုံသေကားကျပုံစံများ၊ စောင်းပါးရိပ်ခြည်ပြောစကားများ သို့မဟုတ် သွယ်ဝိုက်သော ရေးသားပြောဆိုမှုများကို အသုံးပြုသည့် အချို့သောအကြောင်းအရာများ

ခွင့်ပြုထားသည်

  • သီချင်းတစ်ပုဒ်တွင် သို့မဟုတ် မိမိကိုယ်ကို ရည်ညွှန်းရန် စွပ်စွဲပြောဆိုချက်တစ်ခုကို အသုံးပြုခြင်းကဲ့သို့ တစ်စုံတစ်ယောက်ကို သိက္ခာချခြင်းမဟုတ်သော နည်းလမ်းဖြင့် ပစ်မှတ်ထားခံရသည့် အသိုင်းအဝိုင်းက ကိုယ်ပိုင်လက်ခံနိုင်သောအသုံးအဖြစ် ပြန်လည်သုံးစွဲသော စွပ်စွဲပြောဆိုချက်များ
  • ဆက်စပ်အန္တရာယ်တစ်ခုအကြောင်း ဆွေးနွေးရန် အသုံးပြုသည့် စွပ်စွဲပြောဆိုချက်များအပါအဝင် အမုန်းစကား၏ အန္တရာယ်အကြောင်း ပိုမိုသတိပြုမိစေသည့် ပညာပေးနှင့် သတင်းမှတ်တမ်းအကြောင်းအရာ
  • အမုန်းပွားစေသော သဘောတရားများကို တန်ပြန်ပြောဆိုခြင်း၊ ရှုတ်ချခြင်း သို့မဟုတ် သရော်ခြင်း
  • မူဝါဒရေးရာ ဝေဖန်ဆွေးနွေးမှုများတွင်အပါအဝင် အကာအကွယ်ပေးထားသည့် အုပ်စုများအပေါ် သက်ရောက်သည့် လူမှုရေးကိစ္စရပ်များကို ဆွေးနွေးခြင်း (၎င်းက အကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးတစ်ခုပေါ်အခြေခံ၍ လူများအား မတိုက်ခိုက်သရွေ့)

အကြမ်းဖက်မှုနှင့် အမုန်းပွားစေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ

ကျွန်ုပ်တို့သည် သင့်ကို စိတ်အားထက်သန်မှုရှိအောင် လှုံ့ဆော်အားပေးသော အကြောင်းအရာကို မျှဝေစေလိုသော်လည်း TikTok သည် အကြမ်းဖက်မှု သို့မဟုတ် အမုန်းတရားကို အားပေးသည့် ယုံကြည်ချက်များ သို့မဟုတ် ဝါဒများကို ဖြန့်ရန် နေရာတစ်ခု မဟုတ်ပါ။ကျွန်ုပ်တို့၏ပလက်ဖောင်းတွင် အကြမ်းဖက်ပြီး အမုန်းပွားစေသည့် အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များ ရှိနေခြင်းကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ဤကဲ့သို့လုပ်ဆောင်သူများတွင် အကြမ်းဖက် အစွန်းရောက်များ၊ အကြမ်းဖက် ရာဇဝတ် အဖွဲ့အစည်းများ၊ အကြမ်းဖက် နိုင်ငံရေး အဖွဲ့အစည်းများ၊ အမုန်းပွားစေသည့် အဖွဲ့အစည်းများနှင့် ကွင်းဆက် သို့မဟုတ် အစုလိုက်အပြုံလိုက် အကြမ်းဖက်မှု ကျူးလွန်သူများ ပါဝင်ပါသည်။အကယ်၍ ထိုကဲ့သို့လုပ်ဆောင်သူများသည် ကျွန်ုပ်တို့၏ပလက်ဖောင်းတွင် ရှိနေနိုင်သည်ကို ကျွန်ုပ်တို့ သတိထားမိပါက ကျွန်ုပ်တို့သည် ပလက်ဖောင်းပြင်ပ အပြုအမူအပါအဝင် ထိုကဲ့သို့အပြုအမူများကို စေ့စေ့စပ်စပ် ပြန်လည်ဆန်းစစ်မှုကို လုပ်ဆောင်မည်ဖြစ်ပြီး တွေ့ရှိပါက အကောင့်ပိတ်ပင်ခံရမည်ဖြစ်သည်။

မကြာခဏဆိုသလို ဤလုပ်ဆောင်သူများ၏ အတွေးအမြင်များကို အခြားသူများက ချဲ့ကားတတ်ကြပါသည်။အကြမ်းဖက်သော သို့မဟုတ် အမုန်းပွားစေသည့်လုပ်ရပ်ကို ကျူးလွန်သူများအား အားပေးအားမြှောက်ပြုရန် သို့မဟုတ် ပစ္စည်းဥစ္စာအားဖြင့် ကူညီပံ့ပိုးရန် ကျွန်ုပ်တို့က မည်သူ့ကိုမျှ ခွင့်မပြုပါ။ ကြားနေသဘောဖြစ်ဟန်တူသည့် အကြောင်းအရာသည် အမုန်းပွားစေသည့် အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦး၏ အဆိုကို ထည့်သွင်းဖော်ပြထားခြင်းကဲ့သို့သော လုပ်ရပ်ကို လုပ်ဆောင်ထားလျှင် ထိုအဆိုကို အားပေးအားမြှောက်ပြုရန် ရည်ရွယ်ချက်မရှိကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြရပါမည်။ ကျွန်ုပ်တို့သည် အကြမ်းဖက် နိုင်ငံရေးအဖွဲ့အစည်းများအကြောင်း ဆွေးနွေးမှုများကို ကန့်သတ်ချက်ဖြင့် ခြွင်းချက်ထားရှိပေးထားသည်။

နောက်ထပ် အချက်အလက်များ

ပစ္စည်းဥစ္စာအားဖြင့် ပံ့ပိုးကူညီမှုဆိုသည်မှာ အကြမ်းဖက်အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်များ သို့မဟုတ် ၎င်းတို့၏အရေးကိစ္စကို အားပေးရန် ငွေရေးကြေးရေး ထောက်ပံ့မှုများ၊ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ ပေးခြင်းကို ဆိုလိုသည်။၎င်းတွင် လူစုဆောင်းခြင်း၊ ရန်ပုံငွေရှာခြင်း၊ ကုန်စည်များ ရောင်းချခြင်းနှင့် လေ့ကျင့်ရေး အချက်အလက်များကို ကြော်ငြာခြင်း ပါဝင်သည်။

အကြမ်းဖက် အစွန်းရောက်များဆိုသည်မှာ ကုလသမဂ္ဂက သတ်မှတ်ထားသော အကြမ်းဖက်မှုများ ပြုလုပ်သည့်သူများအပါအဝင် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး သို့မဟုတ် အတွေးအခေါ်ဆိုင်ရာ အကြောင်းပြချက်များဖြင့် အရပ်သားများကို ခြိမ်းခြောက်သည့် သို့မဟုတ် အကြမ်းဖက်သည့် အစိုးရမဟုတ်သော အဖွဲ့များ ဖြစ်ပါသည်။

အကြမ်းဖက် ရာဇဝတ် အဖွဲ့အစည်းများဆိုသည်မှာ အကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် ပြန်ပေးဆွဲမှုအပါအဝင် ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်သည့် နိုင်ငံရပ်ခြား၊ နိုင်ငံတွင်း သို့မဟုတ် ဒေသတွင်း အဖွဲ့များဖြစ်ပါသည်။

အကြမ်းဖက် နိုင်ငံရေးအဖွဲ့အစည်းများသည် ပြည်သူလူထုမဟုတ်သည့် (နိုင်ငံ၏စစ်တပ်ကဲ့သို့) အစိုးရအဖွဲ့အစည်းများကို (နယ်မြေပိုင်နက်အငြင်းပွားမှုကဲ့သို့) နိုင်ငံရေး ပဋိပက္ခများ အရ အဓိကပစ်မှတ်ထားသည့် အကြမ်းဖက်လုပ်ရပ် ကျူးလွန်ထားသည့်အစိုးရမဟုတ်သည့်အဖွဲ့များပါဝင်ပါသည်။

အမုန်းပွားစေသည့် အဖွဲ့အစည်းများဆိုသည်မှာ အမုန်းတရားကို လှုံ့ဆော်ခြင်း၊ လူတစ်ဦးချင်း သို့မဟုတ် လူတစ်စုကို လူ့ဂုဏ်သိက္ခာကင်းမဲ့စေခြင်းနှင့် အမုန်းပွားစေသော သဘောတရားများကို အားပေးအားမြှောက်ပြုခြင်း အပါအဝင် အကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးများပေါ် အခြေခံ၍ လူများကို ပစ်မှတ်ထားသည့် အဖွဲ့များဖြစ်သည်။

ခွင့်မပြုထားပါ

  • ပလက်ဖောင်းတွင်ဖြစ်စေ၊ ပလက်ဖောင်းပြင်ပတွင်ဖြစ်စေ အကြမ်းဖက်မှု သို့မဟုတ် အမုန်းပွားစေသော သဘောတရားများကို အားပေးအားမြှောက်ပြုသော အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များက စီမံလုပ်ဆောင်သည့် အကောင့်များ
  • အကြမ်းဖက် နိုင်ငံရေးအဖွဲ့အစည်းများအား ပစ္စည်းဥစ္စာအားဖြင့် ပံ့ပိုးကူညီမှု သို့မဟုတ် ၎င်းတို့ကြောင့်ဖြစ်ပွားသည့် အကြမ်းဖက်မှုကို အားပေးခြင်း
  • အောက်ပါတို့ကို အားပေးခြင်း (ချီးကျူးခြင်း၊ ဂုဏ်ပြုခြင်း သို့မဟုတ် မူဝါဒကြေညာစာတမ်းများကို မျှဝေခြင်း) သို့မဟုတ် ပစ္စည်းဥစ္စာအားဖြင့် ပံ့ပိုးကူညီခြင်း-
    • အမုန်းပွားစေသည့် အဖွဲ့အစည်းများ
    • ကွင်းဆက် သို့မဟုတ် အစုလိုက်အပြုံလိုက် အကြမ်းဖက်မှုဖြစ်စေသော သို့မဟုတ် အမုန်းပွားစေသော သဘောတရားများကို အားပေးသောသူများ
    • အကြမ်းဖက် ရာဇဝတ် အဖွဲ့အစည်းများ
    • အကြမ်းဖက် အစွန်းရောက်များ

ခွင့်ပြုထားသည်

  • အကြမ်းဖက် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအကြောင်းကို ဆွေးနွေးခြင်း (အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုခြင်း မပါသရွေ့)
  • အကြမ်းဖက်၍ အမုန်းပွားစေသည့် လုပ်ရပ်ကို လုပ်ဆောင်သူများကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များကို ပိုမိုသတိပြုမိစေသည့် အသိပညာပေးနှင့် သတင်းမှတ်တမ်းတင် အကြောင်းအရာများ

လူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာနှင့် ကိုယ်ထိလက်ရောက် စော်ကားခြင်း

TikTok ကို သုံးရခြင်းသည် အသက်ငယ်သူများအတွက် ဘေးကင်းပြီး ကောင်းမွန်သော အတွေ့အကြုံတစ်ခု ဖြစ်စေရန် ကျွန်ုပ်တို့ အလေးအနက် ကတိပြုသည်။လူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအားဖြင့်ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ စော်ကားခြင်း သို့မဟုတ် အမြတ်ထုတ်ခြင်းကို ပြသခြင်း၊ အားပေးခြင်း သို့မဟုတ် ထိုကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်းကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ၎င်းတွင် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသည့် အကြောင်းအရာများ (CSAM)၊ လက်သပ်မွေးခြင်း၊ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း၊ ကလေးသူငယ်များအပေါ် လိင်စိတ်တိမ်းညွတ်မှုနှင့် လူငယ်များအား ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အန္တရာယ်ပြုခြင်း ပါဝင်သည်။

ကျွန်ုပ်တို့သည် လူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အမြတ်ထုတ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ရပ်များကို ပျောက်ဆုံးနေသောနှင့် အမြတ်ထုတ်ခံရသော ကလေးငယ်များဆိုင်ရာ အမျိုးသားဗဟိုဌာန (NCMEC) သို့ တိုင်ကြားသည်။ကျွန်ုပ်တို့သည် လူ့အသက်အန္တရာယ် သို့မဟုတ် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာဖြစ်စေမည်ဟု တိကျသော၊ ယုံကြည်ရလောက်ပြီး ဖြစ်အံ့ဆဲဆဲ ခြိမ်းခြောက်မှုတစ်ခု ရှိသောအခါ သက်ဆိုင်ရာ ဥပဒေစိုးမိုးရေး အာဏာပိုင်များထံသို့လည်း တိုင်ကြားသည်။သံသယဖြစ်ဖွယ် CSAM ကို တွေ့ပါက အက်ပ်ထဲတွင်ဖြစ်စေ၊ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တွင်ဖြစ်စေ ၎င်းကို ချက်ချင်းတိုင်ပါ။CSAM အကြောင်းအရာကို မည်သည့်နည်းဖြင့်မဆို ဒေါင်းလုဒ်လုပ်ခြင်း၊ ရိုက်ကူးခြင်း သို့မဟုတ် မျှဝေခြင်း မပြုပါနှင့်။

သင် သို့မဟုတ် သင်သိသောသူတစ်ဦးဦးသည် လူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း သို့မဟုတ် အမြတ်ထုတ်ခြင်းကို ကြုံတွေ့ဖူးပါက၊ ပံ့ပိုးကူညီမှုရရှိနိုင်ပါသည်။သင့်ဒေသအတွင်းရှိ အကူအညီဖုန်းလိုင်း သို့မဟုတ် ဝန်ဆောင်မှုပေးသူကို ဆက်သွယ်ပါ။အကယ်၍ သင်သည် ရုတ်တရက် အန္တရာယ်ကြုံလာပါက၊ သင့်ဒေသဆိုင်ရာ အရေးပေါ်ဝန်ဆောင်မှုများကို ဆက်သွယ်ပါ။

နောက်ထပ် အချက်အလက်များ

ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသည့် အကြောင်းအရာများ (CSAM) ဆိုသည်မှာ ကိုယ်တိုင်ပြုလုပ်ထားသော CSAM သို့မဟုတ် တကယ့်အစစ်နှင့်တူလွန်းသည့် ဒစ်ဂျစ်တယ် သို့မဟုတ် AI ဖြင့် ဖန်တီးထားသော အကြောင်းအရာအပါအဝင် တစ်ဦးတစ်ယောက်က မျှဝေထားသော သို့မဟုတ် ဖန်တီးထားသော အသက်ငယ်သူတစ်ဦး၏ လိင်အသားပေး အကြောင်းအရာကို ရည်ညွှန်းပါသည်။လိင်အသားပေး အကြောင်းအရာတွင် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အသက်ငယ်သူ၏ခန္ဓာကိုယ်ကို လိင်အသားပေးခြင်း သို့မဟုတ် အသက်ငယ်သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို အစွဲအလမ်းကြီးခြင်းတို့ကို ညွှန်ပြသည့် သို့မဟုတ် ပြသသည့် အကြောင်းအရာ ပါဝင်ပါသည်။

လက်သပ်မွေး၍ အမြတ်ထုတ်ခြင်း တစ်စုံတစ်ယောက်က လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် သို့မဟုတ် စော်ကားရန် ရည်ရွယ်ချက်ဖြင့် အသယ်ငယ်သူတစ်ဦးနှင့် ရင်းနှီးအောင်လုပ်လာသည့်အခါ သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ယုံကြည်ရသောဆက်ဆံရေးကို တည်ဆောက်သည့်အခါတွင် ဖြစ်လာပါသည်။

လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုဆိုသည်မှာ များသောအားဖြင့် ငွေ၊ လိင်ပိုင်းဆိုင်ရာ လုပ်ရပ်များ သို့မဟုတ် ဝတ်လစ်စလစ်ဖြစ်သော၊ အတွင်းသားများပေါ်လွင်သော သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော အကြောင်းအရာများကို နောက်ထပ်ရရှိရန်အတွက် ဝတ်လစ်စလစ်ဖြစ်သော၊ အတွင်းသားများပေါ်လွင်သော သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော အကြောင်းအရာများကို ခွင့်ပြုချက်မရှိဘဲ မျှဝေမည်ဟု ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါသည်။

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးကို ဦးတည်သည့် မလိုလားအပ်သော လိင်ပိုင်းဆိုင်ရာ ဆက်သွယ်မှု သို့မဟုတ် အပြုအမူဖြစ်ပါသည်။၎င်းတွင် ပလက်ဖောင်းမှတစ်ဆင့် လိင်အသားပေးဖော်ပြခြင်း (စုံတွဲတင်ဆက်မှုဖြင့် သို့မဟုတ် စတစ်ကာသုံး၍ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတစ်ခုကို အတုခိုးခြင်းကဲ့သို့)၊ အတွင်းသားပေါ်သော ခန္ဓာကိုယ်အစိတ်အပိုင်းများ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုနှင့်ပတ်သက်၍ ပြောဆိုခြင်း သို့မဟုတ် လူတစ်ဦး၏ လိင်ပိုင်းဆိုင်ရာဘဝ (လိင်မှုကိစ္စရာဇဝင် သို့မဟုတ် လိင်ဆက်ဆံဖော် သို့မဟုတ် လိင်စိတ်တိမ်းညွတ်မှု) နှင့်ပတ်သက်သည့် အချက်အလက်များ မျှဝေခြင်း သို့မဟုတ် မျှဝေမည်ဟု ခြိမ်းခြောက်ခြင်း ပါဝင်သည်။

ခန္ဓာကိုယ်အတွင်းသားများဆိုသည်မှာ လိင်အင်္ဂါ၊ တင်ပါးနှင့် (နို့သီးခေါင်းနှင့် နို့သီးခေါင်းပတ်ချာလည်နေရာများအပါအဝင်) ရင်သားကို ဆိုလိုသည်။

ခွင့်မပြုထားပါ

  • အောက်ပါတို့ အပါအဝင် လူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ကိုယ်ထိလက်ရောက် စော်ကားခြင်း သို့မဟုတ် အမြတ်ထုတ်ခြင်းကို ပြသခြင်း၊ အားပေးခြင်း သို့မဟုတ် ထိုကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်း-
    • ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသည့် အကြောင်းအရာများ (CSAM)အဖော်အချွတ် သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ကို မပြသသည့်တိုင် မူရင်းဖိုင်၏ စခရင်ရှော့တ်ပုံ သို့မဟုတ် အပိုင်းတစ်ခုခုအပါအဝင်
    • ကလေးများအပေါ် ကာမစိတ်တိမ်းညွတ်မှု အပါအဝင် အရွယ်ရောက်ပြီးသူနှင့် အသက်ငယ်သူတို့ကြား သမီးရည်းစား ဆက်ဆံရေးများ သို့မဟုတ် အသက်ငယ်သူများကို မျက်စိကျသော အရွယ်ရောက်သူအဖြစ် မိမိကိုယ်ကို ခွဲခြားသတ်မှတ်ခြင်း
    • လက်သပ်မွေး၍ အမြတ်ထုတ်ခြင်း အပြုအမူ
    • လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်း
    • လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း
    • လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတစ်ခုတွင် ပါဝင်ရန် လူငယ်တစ်ဦးကို ဖိတ်ကြားခြင်း၊ ပလက်ဖောင်းပြင်ပတွင် တိုက်ရိုက်ဆက်သွယ်ခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော ပုံများကို မျှဝေခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု (အခြားလူငယ်တစ်ဦးမှ ဖိတ်ကြားလျှင်ပင်)
  • အသက်ငယ်သူများအပေါ် ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပန်းမှု၊ လျစ်လျူရှုမှု၊ အန္တရာယ်ဖြစ်စေမှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကို ပြသခြင်း သို့မဟုတ် အားပေးခြင်း
  • ပြင်ပအဖွဲ့အစည်းမှတစ်ဆင့် ပြန်လည်မျှဝေခြင်းများ အပါအဝင် အနိုင်ကျင့်စော်ကားခြင်း သို့မဟုတ် အမြတ်ထုတ်ခြင်းကို တွေ့ကြုံခဲ့ရသော အသက်ငယ်သူများအား ပြန်လည်၍ မတရားဖိနှိပ်ခြင်း

ခွင့်ပြုထားသည်

  • စော်ကားခြင်း သို့မဟုတ် အမြတ်ထုတ်ခြင်းဆိုင်ရာ ထိခိုက်မှုများနှင့် ပတ်သက်သည့် အသိပညာပေးနှင့် သတင်းမှတ်တမ်းတင် အကြောင်းအရာ (ထိုကဲ့သို့သော အကြောင်းအရာကို မပြသရွေ့ သို့မဟုတ် ကွက်ကွက်ကွင်းကွင်း မဖော်ပြသရွေ့)

အရွယ်ရောက်ပြီးသူအပေါ် လိင်ပိုင်းဆိုင်ရာနှင့် ကိုယ်ထိလက်ရောက် စော်ကားမှု

ကျား/မ တန်းတူညီမျှမှုကိုလက်ခံကာ၊ အကျိုးရှိသော ဆက်ဆံရေးကိုပံ့ပိုးပေးပြီး အတွင်းရေး ကိုယ်ရေးလုံခြုံမှုကို လေးစားမှုရှိသော နေရာတစ်ခုကို ပေးဆောင်ရန် ကျွန်ုပ်တို့ကတိပြုထားပါသည်။ဤတန်ဖိုးများကို လျော့ပါးစေခြင်းသည် စိတ်ဒဏ်ရာကို ဖြစ်စေနိုင်ပြီး ကာယပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ဖြစ်စေနိုင်ပါသည်။အရွယ်ရောက်ပြီးသူအပေါ် လိင်ပိုင်းဆိုင်ရာအရဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ စော်ကားမှု သို့မဟုတ် အမြတ်ထုတ်မှုကို ပြသခြင်း၊ အားပေးခြင်း သို့မဟုတ် ထိုကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်းကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ၎င်းတွင် အလိုမတူသော လိင်ပိုင်းဆိုင်ရာ လုပ်ရပ်များ၊ ရုပ်ပုံအခြေပြု လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု၊ ကိုယ်ထိလက်ရောက် စော်ကားမှုနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတို့ ပါဝင်သည်။

သင် သို့မဟုတ် သင့်အသိတစ်ဦးဦးသည် စော်ကားခြင်း သို့မဟုတ် အမြတ်ထုတ်ခြင်းကို ကြုံတွေ့ရပါက ပံ့ပိုးကူညီမှု ရရှိနိုင်ပါသည်။သင့်ဒေသအတွင်းရှိ အကူအညီဖုန်းလိုင်း သို့မဟုတ် ဝန်ဆောင်မှုပေးသူကို ဆက်သွယ်ပါ။အကယ်၍ သင်သည် ရုတ်တရက် အန္တရာယ်ကြုံလာပါက၊ သင့်ဒေသဆိုင်ရာ အရေးပေါ်ဝန်ဆောင်မှုများကို ဆက်သွယ်ပါ။အကယ်၍ သင်သည် ကျွန်ုပ်တို့၏ ပလက်ဖောင်းတွင် အတွင်းရေး ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ချိုးဖောက်မှုတစ်ခုကို ကြုံတွေ့ခဲ့ရသည်ဟု ယုံကြည်ပါက ၎င်းကိုတိုင်ကြားနိုင်ပါသည်။

နောက်ထပ် အချက်အလက်များ

အလိုမတူသော လိင်ပိုင်းဆိုင်ရာ လုပ်ရပ်များသည် လုပ်ဆောင်မှုတွင် ပါဝင်သူတိုင်း၏ သဘောဆန္ဒမပါဘဲ ဖြစ်ပေါ်လာသည့် လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုမှန်သမျှကို ဆိုလိုပါသည် ။၎င်းတွင် မုဒိမ်းမှုနှင့် ဗလက္ကာရပြုကျင့်ခြင်းကဲ့သို့ အလိုမတူသော လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုမှန်သမျှ ပါဝင်သည်။

ရုပ်ပုံအခြေပြု လိင်ပိုင်းဆိုင်‌ရာ စော်ကားခြင်းသည် သဘောတူညီချက်မပါဘဲ လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်တစ်ခုအတွက် ဖန်တီးထားသည့် သို့မဟုတ် ဖြန့်ချိထားသည့် လူပုဂ္ဂိုလ်တစ်ဦး၏ အတွင်းသားပေါ်လွင်သော (အစစ်အမှန် သို့မဟုတ် ပြင်ထားသည့်) ရုပ်ပုံများကို လက်ဝယ်ရှိခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ဖန်တီးနည်း သို့မဟုတ် ဝင်ရောက်သုံးစွဲနည်းအတွက် ညွှန်ကြားချက်များပေးခြင်း ဖြစ်သည်။သဘောတူညီချက်ဖြင့် ရယူထားပုံပေါ်သည့်တိုင် အကြောင်းအရာကို သဘောတူညီချက်မပါဘဲ မဖြန့်ချိနိုင်ပါ။

လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုဆိုသည်မှာ များသောအားဖြင့် ငွေ၊ လိင်ပိုင်းဆိုင်ရာ လုပ်ရပ်များ သို့မဟုတ် ဝတ်လစ်စလစ်ဖြစ်သော၊ အတွင်းသားများပေါ်လွင်သော သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော အကြောင်းအရာများကို နောက်ထပ်ရရှိရန်အတွက် ဝတ်လစ်စလစ်ဖြစ်သော၊ အတွင်းသားများပေါ်လွင်သော သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော အကြောင်းအရာများကို ခွင့်ပြုချက်မရှိဘဲ မျှဝေမည်ဟု ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါသည်။

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးကို ဦးတည်သည့် မလိုလားအပ်သော လိင်ပိုင်းဆိုင်ရာ ဆက်သွယ်မှု သို့မဟုတ် အပြုအမူဖြစ်ပါသည်။၎င်းတွင် ပလက်ဖောင်းမှတစ်ဆင့် လိင်အသားပေးဖော်ပြခြင်း (စုံတွဲတင်ဆက်မှုဖြင့် သို့မဟုတ် စတစ်ကာသုံး၍ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတစ်ခုကို အတုခိုးခြင်းကဲ့သို့)၊ အတွင်းသားပေါ်သော ခန္ဓာကိုယ်အစိတ်အပိုင်းများ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုနှင့်ပတ်သက်၍ ပြောဆိုခြင်း သို့မဟုတ် လူတစ်ဦး၏ လိင်ပိုင်းဆိုင်ရာဘဝ (လိင်မှုကိစ္စရာဇဝင် သို့မဟုတ် လိင်ဆက်ဆံဖော် သို့မဟုတ် လိင်စိတ်တိမ်းညွတ်မှု) နှင့်ပတ်သက်သည့် အချက်အလက်များ မျှဝေခြင်း သို့မဟုတ် မျှဝေမည်ဟု ခြိမ်းခြောက်ခြင်း ပါဝင်သည်။

ခန္ဓာကိုယ်အတွင်းသားများဆိုသည်မှာ လိင်အင်္ဂါ၊ တင်ပါးနှင့် (နို့သီးခေါင်းနှင့် နို့သီးခေါင်းပတ်ချာလည်နေရာများအပါအဝင်) ရင်သားကို ဆိုလိုသည်။

ခွင့်မပြုထားပါ

  • အောက်ပါတို့ကို ပြသခြင်း၊ အားပေးခြင်း သို့မဟုတ် ထိုကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်း-
    • အလိုမတူသော လိင်ပိုင်းဆိုင်ရာ လုပ်ရပ်များ၊ ရုပ်ပုံအခြေပြု လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း သို့မဟုတ် ကိုယ်ထိလက်ရောက် စော်ကားခြင်း (အိမ်တွင်းအကြမ်းဖက်မှု)
    • လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း
    • လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်း

ခွင့်ပြုထားသည်

  • စော်ကားခံရခြင်း သို့မဟုတ် အမြတ်ထုတ်ခံရခြင်းမှ လွတ်မြောက်လာသူများက ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို မျှဝေခြင်း (ထိုကဲ့သို့သော အကြောင်းအရာကို မပြသရွေ့ သို့မဟုတ် ကွက်ကွက်ကွင်းကွင်း မဖော်ပြသရွေ့)
  • လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုနှင့်ပတ်သက်၍ ပိုမိုသတိပြုမိစေသည့် အသိပညာပေးနှင့် သတင်းမှတ်တမ်းတင် အကြောင်းအရာ (ထိုကဲ့သို့သော အကြောင်းအရာကို မပြသရွေ့ သို့မဟုတ် ကွက်ကွက်ကွင်းကွင်း မဖော်ပြသရွေ့)

လူကုန်ကူးခြင်းနှင့် လူမှောင်ခိုကူးခြင်း

ကျွန်ုပ်တို့သည် တစ်ဦးချင်းစီ၏ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး အားနည်းချက်ရှိသူများကို အခွင့်ကောင်းယူရန် TikTok ကို အသုံးမပြုကြောင်း သေချာအောင်ဆောင်ရွက်မည်ဟု ကတိပြုထားပါသည်။လူကုန်ကူးခြင်းနှင့် လူမှောင်ခိုကူးခြင်းကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ လူကုန်ကူးခြင်းနှင့် လူမှောင်ခိုကူးခြင်းမှ လွတ်မြောက်လာသူများအနေဖြင့် ၎င်းတို့၏ ဇာတ်လမ်းများကို မျှဝေနိုင်ရန်နှင့် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် ၎င်းတို့၏ ခရီးစဉ်များကို မှတ်တမ်းတင်နိုင်ရန် မည်မျှအရေးကြီးကြောင်း ကျွန်ုပ်တို့ နားလည်ထားသောကြောင့် ထိုသို့လုပ်ဆောင်နိုင်မည့် နေရာတစ်ခု စီစဉ်ပေးထားပါသည်။

ကျွန်ုပ်တို့သည် လူငယ်များအား လိင်လူကုန်ကူးမှု ဖြစ်ရပ်များကို ပျောက်ဆုံးနေသော၊ အမြတ်ထုတ်ခံရသော ကလေးငယ်များဆိုင်ရာ အမျိုးသားဗဟိုဌာန (NCMEC) ထံ တိုင်ကြားပါသည်။ကျွန်ုပ်တို့သည် လူ့အသက်အန္တရာယ် သို့မဟုတ် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာဖြစ်စေမည်ဟု တိကျသော၊ ယုံကြည်ရလောက်ပြီး ဖြစ်အံ့ဆဲဆဲ ခြိမ်းခြောက်မှုတစ်ခု ရှိသောအခါ သက်ဆိုင်ရာ ဥပဒေစိုးမိုးရေး အာဏာပိုင်များထံသို့လည်း တိုင်ကြားသည်။

နောက်ထပ် အချက်အလက်များ

လူကုန်ကူးမှု ဆိုသည်မှာ ပြည်တွင်းတွင်ဖြစ်စေ၊ နိုင်ငံတကာတွင်ဖြစ်စေ ဖြစ်ပွားနိုင်ပြီး အင်အားသုံး၍သော်လည်းကောင်း၊ လိမ်ညာ၍သော်လည်းကောင်း၊ အကျပ်ကိုင်၍သော်လည်းကောင်း၊ လှည့်ဖြား၍သော်လည်းကောင်း နစ်နာသူများကို စုဆောင်းခြင်း၊ ၎င်းတို့အား သယ်ယူပို့ဆောင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ၎င်းတို့ကို အမြတ်ထုတ်ခြင်း ပါဝင်သည့် ခေတ်သစ်ကျွန်စနစ်ပုံစံတစ်ခု ဖြစ်သည်။၎င်းတွင် လိင်ကိစ္စ၊ အလုပ်ကြမ်း၊ ကလေး သို့မဟုတ် ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်ဖောက်ကားမှု၊ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားစေမှု၊ အဓမ္မစေခိုင်းခံရသည့် ရာဇဝတ်မှုများ (ဥပမာ- ခေါင်းပုံဖြတ် တောင်းစားခိုင်းခြင်း)၊ အိမ်တွင်းကျွန်ပြုခြင်းနှင့် ကလေးစစ်သားများ ပါဝင်နိုင်ပါသည်။

လူမှောင်ခိုကူးမှုတွင် လူတစ်ဦးကို အခြားနိုင်ငံတစ်ခုသို့ တရားမဝင်ဝင်ရောက်ရန် ကူညီပေးခြင်းဖြင့် အကျိုးအမြတ်ရရှိခြင်း ပါဝင်ပါသည်။၎င်းတွင် သယ်ယူပို့ဆောင်မှု၊ ညှိနှိုင်းမှု၊ အထောက်အထားပြသမှုနှင့် ခရီးသွားစာရွက်စာတမ်း အတုပြုလုပ်မှုတို့ ပါဝင်နိုင်ပါသည်။

ခွင့်မပြုထားပါ

  • လူမှောင်ခိုလုပ်ငန်းများနှင့် ဝန်ဆောင်မှုများကို ကူညီဆောင်ရွက်ပေးခြင်း သို့မဟုတ် ညှိနှိုင်းဆောင်ရွက်ခြင်း
  • လူကုန်ကူးမှု လုပ်ရပ်များတွင်ပါဝင်ရန် အားပေးခြင်း သို့မဟုတ် ညှိနှိုင်းဆောင်ရွက်ခြင်း

ခွင့်ပြုထားသည်

  • အခြားနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်လိုသော ဆန္ဒကို ထုတ်ဖော်ခြင်း သို့မဟုတ် ရွှေ့ပြောင်းနေထိုင်သူ၏ ခရီးစဉ်ကို ပြသခြင်း (၎င်းတို့၏ ခရီးတွင် မှောင်ခိုသမားများ၏ ပါဝင်ပတ်သက်မှုကို အတိအလင်း မပြသရွေ့)
  • လူ့အခွင့်အရေးအပေါ် အလွဲသုံးစားပြုခြင်းများ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ပြဿနာကြောင့် နိုင်ငံမှထွက်ခွာပုံနှင့် ပတ်သက်သည့် အကူအညီတောင်းခြင်း သို့မဟုတ် အချက်အလက်မျှဝေခြင်း
  • လွတ်မြောက်လာသူများက လူကုန်ကူးခြင်းနှင့် လူမှောင်ခိုကူးခြင်းဆိုင်ရာ ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို မျှဝေခြင်း
  • လူကုန်ကူးခြင်းနှင့် လူမှောင်ခိုကူးခြင်း အန္တရာယ်များအကြောင်း သိရှိစေသည့် အသိပညာပေးနှင့် သတင်းမှတ်တမ်းတင် အကြောင်းအရာ

နှောင့်ယှက်ခြင်းနှင့် အနိုင်ကျင့်ခြင်း

မတူညီသော အမြင်ရှုထောင့်များအား လေးစားစွာ ထုတ်ဖော်ပြောဆိုမှုကို ကျွန်ုပ်တို့ကြိုဆိုပြီး မည်သူမဆို သိက္ခာချခံရမည်ကို သို့မဟုတ် အနိုင်ကျင့်ခံရမည်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ၎င်းတို့၏သဘောထားကို မျှဝေနိုင်စေရန် ကျွန်ုပ်တို့အာမခံလိုပါသည်။နှောင့်ယှက်သော၊ သိက္ခာချသော သို့မဟုတ် အနိုင်ကျင့်သော ရေးသားပြောဆိုမှုများ သို့မဟုတ် အပြုအမူကို ကျွန်ုပ်တို့ခွင့်မပြုပါ။၎င်းတွင် ထိုသို့သောလုပ်ရပ်များကို လက်တုံ့ပြန် နှောင့်ယှက်၍ တုံ့ပြန်ခြင်း ပါဝင်သည်။

အထင်ကရပုဂ္ဂိုလ်များသည် အများသူငှာ၏ အာရုံစိုက်မှုကို ခံရပြီး မကောင်းသောပြောစကားများကို တုံ့ပြန်ရန် နည်းလမ်းများရှိကြောင်းနှင့် ၎င်းတို့နှင့်သက်ဆိုင်သော အကြောင်းအရာအချို့ကို ကြည့်ခြင်းသည် အများပြည်သူအား အကျိုးဖြစ်စေနိုင်ကြောင်း ကျွန်ုပ်တို့ နားလည်သိရှိပါသည်။အထင်ကရပုဂ္ဂိုလ်များနှင့်ပတ်သက်သည့် အချို့ မကောင်းသော သို့မဟုတ် ဝေဖန်သော မှတ်ချက်များ သို့မဟုတ် ရုပ်ပုံများကို ကျွန်ုပ်တို့ ခွင့်ပြုသည်။သို့သော်လည်း ကျွန်ုပ်တို့သည် အခြားမူဝါဒများကို ချိုးဖောက်သည့် အကြောင်းအရာ (အကြမ်းဖက်ခြိမ်းခြောက်မှုများ၊ အမုန်းစကား သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းကဲ့သို့) နှင့် ပြင်းထန်သော နှောင့်ယှက်မှုပုံစံများ (အတွင်းရေးအချက်အလက်များကို ဖြန့်ဝေခြင်း သို့မဟုတ် တစ်စုံတစ်ဦးအား ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေလိုသောဆန္ဒကို ထုတ်ဖော်ပြသခြင်းကဲ့သို့) ကို ဖယ်ရှားဆဲဖြစ်သည်။

သင် သို့မဟုတ် သင်သိသူ တစ်ဦးဦးသည် အနိုင်ကျင့်ခံရပါက အကူအညီရနိုင်သည်။မှတ်ချက်များ၊ စုံတွဲတင်ဆက်မှု၊ နှစ်ယောက်တွဲ ဗီဒီယိုနှင့် စာတိုပေးပို့ခြင်းအတွက် ရွေးချယ်စရာများကို ကန့်သတ်ခြင်းအပါအဝင် အန္တရာယ်ရှိသော အပြန်အလှန်တုံ့ပြန်မှုများကို ကန့်သတ်ရန် ကူညီပေးနိုင်သော ကိရိယာများနှင့် အကူအညီရင်းမြစ်များကိုလည်း ထောက်ပံ့ထားပါသည်။

နောက်ထပ် အချက်အလက်များ

အတွင်းရေးအချက်အလက်များကို ဖြန့်ဝေခြင်းတွင် တစ်စုံတစ်ဦး၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မလိုမုန်းထားရည်ရွယ်ချက်ဖြင့် အွန်လိုင်းတွင် ဖြန့်ချိခြင်းပါဝင်သည်။အကြောင်းအရာ၏ရည်ရွယ်ချက်သည် ကြည့်ရှုသူ၏ အမြင်အပေါ်တွင်သာ မူတည်နိုင်သည်ကို ကျွန်ုပ်တို့ လက်ခံထားသည့်အတွက်၊ ယင်းကိုနားလည်အောင်လုပ်ရာတွင် အထောက်အကူဖြစ်စေရန် ခေါင်းစီးစာတန်းများနှင့် ဟက်ရှ်တဂ်များကဲ့သို့သော ရည်ရွယ်ချက်ပြလက္ခဏာများကို အသုံးပြုပါသည်။

အထင်ကရပုဂ္ဂိုလ်များဆိုသည်မှာ (18 နှစ်နှင့်အထက်) အရွယ်ရောက်ပြီးသည့် အစိုးရအရာရှိ၊ နိုင်ငံရေးသမား၊ စီးပွားရေးခေါင်းဆောင် သို့မဟုတ် ကျော်ကြားသူများကဲ့သို့ အများပြည်သူများအကြား အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သူဖြစ်သည်။ကျွန်ုပ်တို့သည် အသက် 18 နှစ်အောက်များကို အထင်ကရပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပါ။

သာမန်ပုဂ္ဂိုလ်များသည် အထင်ကရပုဂ္ဂိုလ်များဟုတ်သည့် အသက် 18 နှစ်အောက်ရှိသူနှင့် အရွယ်ရောက်ပြီးသူ (အသက် 18 နှစ်နှင့်အထက်) အားလုံး ဖြစ်သည်။

ခွင့်မပြုထားပါ

  • ရုပ်ပိုင်းဆိုင်ရာဒုက္ခ တွေ့ကြုံဖူးသော သို့မဟုတ် ၎င်းတို့၏ တစ်ကိုယ်ရေအသွင်အပြင်၊ ဉာဏ်ရည်ဉာဏ်သွေး သို့မဟုတ် ပုဂ္ဂိုလ်ရေးအခြေအနေများ (ဥပမာ- တစ်ကိုယ်ရေသန့်ရှင်းရေး သို့မဟုတ် ကျန်းမာရေး သို့မဟုတ် ဆေးမှတ်တမ်းရာဇဝင်) ပေါ်အခြေခံ၍ လူတစ်ဦးကို သိက္ခာချခြင်း
  • တစ်စုံတစ်ဦးအား အခြားသူတစ်ဦး သို့မဟုတ် လူတစ်စုက ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်းကို ပြသခြင်း
  • အဖြစ်ဆိုးတစ်ခု တွေ့ကြုံခဲ့ရသူများကို ၎င်းတို့နှင့်ထိုက်တန်ခဲ့ကြောင်း ပြောခြင်း သို့မဟုတ် ၎င်းတို့ကို သိမ်ငယ်စေခြင်း သို့မဟုတ် ၎င်းတို့တွေ့ကြုံခဲ့ရသည်မှာ တကယ်မဟုတ်ကြောင်း ငြင်းဆိုခြင်းကဲ့သို့ အဆိုပါပုဂ္ဂိုလ်များအား သိက္ခာချခြင်း သို့မဟုတ် ပြန်၍မတရားဖိနှိပ်ခြင်း
  • လူတစ်ဦးကို ခြိမ်းခြောက်ခြင်း သို့မဟုတ် ၎င်းကို သေစေလိုသည့်၊ ပြင်းထန်သောရောဂါတစ်ခု ရစေလိုသည့် သို့မဟုတ် အခြားပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုအချို့ကို တွေ့ကြုံစေလိုသည့် ဆန္ဒကိုဖော်ပြခြင်းဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းရေးကို ထိခိုက်စေခြင်း
  • တစ်စုံတစ်ဦး၏ အတွင်းရေးအချက်အလက်များကို ဖြန့်ဝေရန် သို့မဟုတ် တစ်စုံတစ်ဦးကို ခြိမ်းခြောက်ငွေညှစ်ရန် သို့မဟုတ် အကောင့်အချက်အလက်များကို မျှဝေရန် သို့မဟုတ် ဟက်ခ်လုပ်ရန် အခြားသူများအား ခြိမ်းခြောက်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း
  • ရိုင်းစိုင်းသော အသုံးအနှုန်းများဖြင့် မှတ်ချက်များကို ပို့စ်တင်ရန် သို့မဟုတ် အကောင့်တစ်ခုကို မလိုမုန်းထား၍ တိုင်ရန် လူများကို အားပေးအားမြှောက်ပြုခြင်းကဲ့သို့ လူတစ်ဦးအား နှောင့်ယှက်ရန် အခြားသူများကို လှုံ့ဆော်ခြင်း သို့မဟုတ် ပူးပေါင်းနှောင့်ယှက်မှုကို အားပေးခြင်း

ခွင့်ပြုထားသည်

  • လူတစ်ဦး၏ အကြောင်းအရာ သို့မဟုတ် လုပ်ရပ်များကို ဝေဖန်ခြင်း (၎င်းတို့၏ ကိုယ်ပိုင်သွင်ပြင်လက္ခဏာများကို ဝေဖန်ခြင်းမဟုတ်သရွေ့)
  • နှောင့်ယှက်မှု သို့မဟုတ် အနိုင်ကျင့်မှုကို တန်ပြန်ပြောဆိုခြင်း သို့မဟုတ် ရှုတ်ချခြင်း (၎င်းတွင် လက်တုံ့ပြန် နှောင့်ယှက်မှု မပါဝင်သရွေ့)
  • အထင်ကရပုဂ္ဂိုလ်များအကြောင်း မကောင်းသော သို့မဟုတ် ပြစ်တင်ဝေဖန်သော မှတ်ချက်များ သို့မဟုတ် ရုပ်ပုံများ (၎င်းတို့က ပြင်းထန်သော နှောင့်ယှက်မှုပုံစံများ မဟုတ်သရွေ့ သို့မဟုတ် အခြားမူဝါဒများကို ချိုးဖောက်ခြင်းမပြုသရွေ့)
  • နှောင့်ယှက်ခြင်းနှင့် အနိုင်ကျင့်ခြင်း၏ အန္တရာယ်များအကြောင်း အသိပညာပေးသည့် ပညာပေးနှင့် မှတ်တမ်းရုပ်ရှင်များ